ဒီ ကဗျာလေးတွေကို
မြန်မာချက်အွန်လိုင်း MCO မဖျက်သိမ်းခင်တုန်းက ပို့စ့်တစ်ခုထဲမှာတွေ့လို့ ကူးထားတာပါ
ရစ်သမ်လေးတစ်ခု
(၁)
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၂)
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၃)
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်။
တာရာမင်းဝေ
တစ်ဝက်တစ်ပျက်မှတ်တမ်း
ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကိုဆွဲဖွင့်တယ်
ယမမင်းရဲ့ သြဝါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ..
ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေတစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီတဲ့
ငယ်ငယ်ဝံ့ဝံ့လောကဓံနဲ့
ဆောင်းဦးလေပြေကိုပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့ ဝှက်ထားတဲ့ ဗြတ်စောင်းပဲ
သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများ
နက္ခတ်ဦးလို ပျံစေသား …။
တာရာမင်းဝေ
ထီးကလေး
ကျွန်တော့်ကောင်းကင်သည်မို့ပြာအုံ့မှိုင်းလျက်ရှိ၏
ကျွန်တော့်တောင်ကုန်မှာခတ္တာရနံ့တို့ ထစ်ခြုန်းပြီ။
ကျွန်တော် မိုးရွာတော့မည်လော ဟု ငြိမ်သက်တွေးတောရင်း
တစ်ခါတုန်းက ထီးကလေးကို သတိရနေမိတော့၏ ..
တာရာမင်းဝေ
ပြုစားခဲ့တဲ့သူ
မနေ့ကမှ ကိုယ့်ကိုယ်ကိုငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တဝါတွေအတိုင်းပါပဲ
လောကဓံခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ဝူးဝူးဝါးဝါး နဲ့ လူအဖြစ် ပွင့်ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။
တစ်ရံတစ်ခါလေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လို လောက်တောင် ကျွန်တော်မကွေ့ကောက်ခဲ့ပါဘူး ။
ကျွန်တော်နဲ့သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်းဆိုကြ
အော် .. တစ်ခုတော့ရှိတယ်
ကျွန်တော်မပါပဲလည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကိုပြောဖို့ ကျန်ခဲ့တယ်။
တာရာမင်းဝေ
မုန့်ကြိတ်ဆုံလုပွဲ
ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ…။
အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)
သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ် မေ့ထားလိုက်ပါတယ်…
ရှိသမျှ လင်းစရာဝေစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် … နာတယ်.
လှံတံက ခေါ်လို့မလိုက်ရင်လည်း ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ .. ငါ့အတွက် ဖြစ်ပါတယ်။
တာရာမင်းဝေ
သိဟ်ရာသီဝတ်ရုံ
အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့် ..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။
မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို
မုန်းတယ် …
သုညဝင်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင် အိမ်ထရံမှီပြီး ရှက်ရတယ်။
ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ ပြန်ပစ်ပေးလိုက်ပြီ။
၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။ ။
တာရာမင်းဝေ